ကိုယ်နဲ့ လိုက်ဖက်တဲ့ ရေမွှေးကို ဘယ်လိုရွေးမလဲ
တချို့က ရေမွှေးကို အနံ့မွှေးတဲ့ အသုံးအဆောင်တစ်ခုအဖြစ်ပဲ သုံးကြတာလဲ ရှိပေမယ့် တကယ်တော့ ရေမွှေးကနေ လူတစ်ယောက်ရဲ့ Personality ကို သိနိုင်ပါတယ်တဲ့။
ရေမွှေးနံ့ဆိုတာ လူတစ်ယောက်ရဲ့ အမှတ်အသားတစ်ခုလဲ ဖြစ်နေနိုင်သလို ကိုယ့်အတွက် လိုက်ဖက်မှန်ကန်တဲ့ ရေမွှေးကို ရွေးချယ်နိုင်ဖို့လဲ အရေးကြီးပါတယ်။
ဒီတော့ ကိုယ့်ရဲ့ Personality နဲ့ ကိုက်ညီတဲ့ ရေမွှေးကို ဘယ်လိုရွေးကြမလဲ?
အများစုက ရေမွှေးကို သူများညွှန်းလို့ သုံးကြတာလဲ ရှိသလို… အနံ့မွှေးတယ်ဆိုရင် ဝယ်လိုက်တာများပါတယ်။ ဒါပေမယ့် တကယ်သုံးကြည့်တဲ့အခါမှာ ကိုယ်နဲ့ မလိုက်ဖက်တာ၊ အနံ့မခံနိုင်လို့ မသုံးဖြစ်တာတွေ ရှိလာနိုင်ပါတယ်။ ရေမွှေးနံ့တွေဟာ အမျိုးအစားများစွာ ရှိသလို စိတ်ဝင်စားဖွယ် ကောင်းပါတယ်။
အထူးသဖြင့် လူငယ်တွေအနေနဲ့ကတော့ ရေမွှေးဆွတ်လိုက်ရင် လန်းဆန်းသွားပြီး စိတ်ကြည်လင်သွားတဲ့ Fresh ဖြစ်တာကို ပိုသဘောကျကြပါတယ်။
ဥပမာ -
- Citrus
- Aromatic နဲ့
- Fresh Floral လို အနံ့မျိုးက တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ လူငယ်တွေ၊ ဆန်းသစ်ပြီး ကွဲထွက်ချင်တဲ့သူတွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။
ရေမွှေးကို အမျိုးသားသုံးနဲ့ အမျိုးသမီးသုံး ခွဲထားရတာက တချို့ ရေမွှေးနံ့တွေဖြစ်တဲ့ ဥပမာ Air Type အမျိုးအစားထဲက Floral တို့ Soft Woody တို့က အမျိုးသမီးတွေနဲ့ ပိုလိုက်ဖက်လို့ပါ။ ဒီအနံ့တွေဟာ အမျိုးသမီးတွေကို ပိုပြီး ဆွဲဆောင်မှု ရှိသလို ဆွတ်ပျံ့နူးညံ့တဲ့ ခံစားချက်ကိုလဲ ရစေပါတယ်။
ဒါဆိုရင် အမျိုးသားတွေအတွက်ရော ဘယ်လို အနံ့မျိုးကိုရွေးသင့်လဲ?
အမျိုးသားတွေရဲ့ တည်ငြိမ်ခြင်းနဲ့ ယောကျာ်းပီသခြင်းကို ဖော်ပြနိုင်တဲ့ အနံ့တွေကတော့ Chypre, Woody, Leatheryနဲ့ Spicyလို စူးရှတောက်ပတဲ့ အနံ့တွေပါပဲ။
ဒီထက်ပိုပြီး ထူးခြားလိုတဲ့ အမျိုးသားတွေကတော့ Oriental Notes နဲ့ Spicy Scent လို ဆွဲဆောင်မှုပြင်းပြီး ညို့ယူနိုင်တဲ့ အနံ့တွေနဲ့ ပိုသင့်တော်ပါတယ်။ ချိုအီမွှေးတဲ့ Citrus တို့ Fruity တို့ကတော့ အမျိုးသားတွေနဲ့ သိပ်မလိုက်ဖက်တာကို တွေ့ရပါတယ်။
ရေမွှေးတွေဟာ တစ်မျိုးနဲ့တစ်မျိုး အနံ့ပြင်းအား၊ ပျော့အားလဲ မတူညီသလို ကိုယ့်အတွက် အဆင်ပြေနိုင်မယ့် အနံ့ဖြစ်ဖို့လဲ လိုပါတယ်။ ဒါ့ကြောင့် ရေမွှေးတွေကို သဘောကျတယ်ဆိုရင် ကိုယ်တိုင် ရှာဝယ်ကြည့်တာမျိုး၊ ရေမွှေး Sample လေးတွေကနေ စမ်းသုံးကြည့်တာမျိုး လုပ်သင့်ပါတယ်။ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ရင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)